စားချင့်ပြန်ရောဂါရှိရင် ဘာကို ဆောင်ပြီး ဘာကို ရှောင်ရန်ကြမလဲ
စားချင့်ပြန်ရောဂါဆိုတာ အစာရေမျိုကြွက်သားတွေက ကောင်းစွာမကျုံ့နိုင်တဲ့အတွက် အစာခြေအက်ဆစ်တွေအပါအဝင် အစာအိမ်ထဲက အစာတွေက အပေါ်ကို ပြန်ဆန်တက်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
စားချင့်ပြန်ရောဂါရှိသူတွေဟာ…
- ရင်ပူတာ (ဝမ်းဗိုက်အပေါ်ပိုင်းနဲ့ ရင်ဘတ်ထဲက ပူပြီး မအီမသာ ဖြစ်နေတာ)
- ချဥ်စုပ်စုပ် အစာတွေ သို့မဟုတ် အရည်တွေက လည်ချောင်းထဲ သို့မဟုတ် ပါးစပ်ထဲကို ပြန်ဆန်တက်တာ
- ရင်ဘတ်အောင့်တာ
- ပျို့ချင်အန်ချင်တာ
- မျိုချရခက်တာ သို့မဟုတ် မျိုချတဲ့အချိန်မှာ နာကျင်တာ
- နာတာရှည်ချောင်းဆိုးတာ၊ အသံဝင်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကာလကြာရှည်လာတဲ့အခါ ဆေးတွေစွဲသောက်ရတာ၊ ခွဲစိတ်ကုသရတာမျိုးထိ လုပ်ရနိုင်လို့ ဂရုစိုက်ရမဲ့ ရောဂါလည်း ဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်နိုင်ရင်တော့ သက်သာရာရနိုင်တာကြောင့် စားချင်ပြန်ရောဂါရှင်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြချင်ပါတယ်။
ဘာတွေ ဆောင်ရမလဲ?
👉အစာကို နည်းနည်းနဲ့ ခဏခဏစားပါ။ ကြေညက်အောင် ဖြည်းညင်းစွာ ဝါးစားပါ။ အစာအိမ်ထဲမှာ အစာတွေပြည့်နေရင် အပေါ်ကို ပြန်ဆန်တက်နိုင်ခြေများပါတယ်။ ဒါကြောင့် နည်းနည်းစီစားတာက ပိုကောင်းသလို ဖြည်းညင်းစွာ ဝါးစားတာက ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရစေပြီး အများကြီး မစားမိအောင်လည်း တားဆီးပေးပါတယ်။
👉အစာစားပြီးတဲ့အခါ လှဲအိပ်တာမျိုး မလုပ်ဘဲ မတ်မတ်ထိုင်နေ၊ ရပ်နေပါ။ မတ်မတ်နေတာက ကမ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ အစာအိမ်ထဲက အစာတွေ အူထဲကို မြန်မြန်ဆင်းသွားအောင် ကူညီပေးပါတယ်။
👉အိပ်တဲ့အခါ ခေါင်းပိုင်းကို ခြေထောက်ထက် ၆လက်မကနေ ၈ လက်မခန့်ထိ အနည်းငယ်ခန့် မြှင့်ထားပါ။
👉ဝနေရင် ကိုယ်အလေးချိန်လျှော့ပါ။ အဝလွန်တဲ့အခါ အစာရေမျိုအောက်ပိုင်းက ကြွက်သားတွေရဲ့ ကျုံ့အားကို လျော့နည်းစေတဲ့အတွက် စားချင့်ပြန်စေနိုင်ပါတယ်။
👉Estrogen ဟော်မုန်း၊ စိတ်ကျရောဂါမှာသုံးတဲ့ Tricyclic Antidepressantsနဲ့ အရောင်ကျပြီး အနာသက်သာစေတဲ့ဆေးတွေက အစာရေမျိုကြွက်သားကို လျော့ရဲစေပြီး Alendronate လို အရိုးသိပ်သည်းဆအားကောင်းစေတဲ့ ဆေးတွေက အစာရေမျိုကြွက်သားကို နှိုးဆွပေးတတ်တဲ့အတွက် ကိုယ်သောက်နေတဲ့ ဆေးတွေကို သတိပြုကြည့်ဖို့လည်း လိုပါတယ်။
ဘာတွေ ရှောင်ရမလဲ?
👉ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။ ဆေးလိပ်က အစာရေမျိုကြွက်သားကို လျော့ရဲစေသလို အစာရေမျိုကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေပါတယ်။
👉Gas ပါတဲ့ အချိုရည်တွေက အစာအိမ်အက်ဆစ်တွေ ပိုထွက်စေတတ်လို့ ရှောင်သင့်ပါတယ်။
👉အစာစားပြီး ၂ နာရီခန့်ထိ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လုပ်မိရင် အစာတွေ အပေါ်ကို ပြန်ဆန်တက်နိုင်ပါတယ်။
👉ရှောင်သင့်တဲ့အစားအစာတွေက…
အဆီများတဲ့အစားအစာတွေ၊ အစပ်လွန်ကဲတဲ့ အစားအစာတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပူစီနံ၊ ခရမ်းချဥ်သီး၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ အရက်တွေပါ။
ရောဂါတွေ ဖြစ်လာရင် ဆေးသောက်နေယုံ၊ ဆေးကုနေယုံနဲ့ မလုံလောက်ပါဘူး။ နေထိုင်စားသောက်မှုပုံစံတွေကို ဂရုတစိုက်ပြုပြင်ပြောင်းလဲမှသာ ခံစားနေရတာတွေ သက်သာမှာ ဖြစ်သလို နောက်ထပ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်